ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး သတိပြုကာကွယ်နိုင်ရေး မြေပုံမြို့၌ လိုက်လံ အသိပညာပေးနှိုးဆော်

မြေပုံ ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်း ပြည်သူများ သတိပြုသိရှိလိုက်နာစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့   လှည့်လည် အသိပညာပေးနှိုးဆော်ကြသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်းကို သတိပြုမိကြစေရန်နှင့် ပြည်သူများအနေဖြင့် လူစုလူဝေးမှရှောင်၍ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို မကြာခဏ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည်၍ လိုက်လံအသိပေးနှိုးဆော်ကြောင်း သိရသည်။

ဝင်းမင်းစိုး (ပြန်/ဆက်)