မိုးညှင်းမြို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းပြီး မိုးသီးများ‌ကြွေကျ၍ ရာသီပေါ်သီးနှံစိုက်ပျိုးထားသူများ အနည်းငယ်ပျက်စီး

မိုးညှင်း ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ကာဒူကျေးရွာပတ်ဝန်းကျင်တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲခန့်က အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခဲ့သဖြင့် ရာသီပေါ်သီးနှံစိုက်ပျိုးထားသူများ အနည်းငယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

"ပြာသိုလပြည့်‌နေ့မှာ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ကာဒူကျေးရွာ ပတ်ဝန်းကျင်မှာရှိ စိုက်ခင်း‌တွေမှာ စိုက်ပျိုးထားတဲ့ မုန့်ညှင်းပင်၊ ဗူးသီးပင်၊ ပန်းမုံလာပင်နဲ့‌ မုန်လာထုပ်အပင်တွေ မိုးသီးများထိမှန်လို့ အနည်းငယ်စီ ပျက်စီးခဲ့တာ‌တွေ့ရပါတယ်၊ နေ့လယ်(၂) နာရီအချိန်လောက်မှာ မိုးခြိမ်းသံတွေနဲ့အတူ မိုးတိမ်တွေမည်းတက်လာပြီး မထင်မှတ်လောက်အောင် မိုးသည်းထန်ပြီး မိုးသီးတွေကျလာတော့ ရာသီ‌စားစိုက်ခင်း အများအပြား ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်"ဟု ကာဒူကျေးရွာသွားလမ်းပေါ်ရှိ ရွှေပေါက်ကံ‌ကျေးရွာ‌နေ ဦးထွေးသိန်းက ပြောပြသည်။

မိုးညှင်းမြို့နယ်အတွင်း ယခင်နှစ်များက ပြာသိုလတွင် ရာသီမိုးအဖြစ် မိုးဖွဲမျှသာ ရွာလေ့ရှိသော်လည်း ယခုနှစ်ပြာသိုလ ပြည့်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင် မိုးသည်းထန်စွာရွာသွန်း၍ မိုးသီးများကြွေကျခဲ့ကြောင်း ‌‌ဒေသခံပြည်သူများ၏‌ ပြောပြချက်အရ သိရသည်။

ဇွဲသူရအောင်