ပင်းတယ ဇန်နဝါရီ ၁၆
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ၊ပွေးလှမြို့၊ ကျောက်တောကျောင်း၌ ဇန်နဝါရီ (၁၂) ရက်မှ (၁၅) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့သည့် (၆၅)ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီးနှင့် (၆၇) ကြိမ်မြောက် အာဂုမ်စာပြန်ပွဲတော်ကြီး အောင်မြင်စွာပြီးမြောက်သည်ဖြစ်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် တရားတော်နာမင်္ဂလာ အခမ်းအနားအား ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိ စာသင်တိုက်စာချဆရာတော် ဦးဥတ္တမ အရှင်သူမြတ်မှ အောင်ဂါထာရွတ်ဖတ်ပူဇော်၍ စာပွဲတော်အောင်သံဃာတော်များအား အောင်လက်မှတ်များကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက်ကြွရောက်တော်မူလာကြကုန်သော သံဃာတော်အရှင်သူမြတ်များအား အလှူငွေနှင့်လှူဖွယ်ဝထ္ထုပစ္စည်းများကို ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာများမှ စာရေးတံမဲချလှူဒါန်းခဲ့ပြီး၊ စာဖြေစာပြန်ပွဲအောင်သံဃာ တော်များအတွက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မိသားစုက အလှူငွေကျပ် (၅) သိန်းနှင့်ဆွမ်းပွဲတော်အတွက် ကျပ်ငွေ(၃) သောင်းတို့အား ကျောက်တောဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်အား ဆက်ကပ်လှူဒါန်းပေးခဲ့သည်။
ဆက်လက်၍ မိုးကောင်းတောရကျောင်းဆရာတော်ဘုရားကြီးအား ကန်တော့ကြပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကာ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌထု " သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ သည်။
ယနေ့တွင် ကျင်းပပြုလုပ်သည့် (၆၅)ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီးနှင့် (၆၇) ကြိမ် မြောက် အာဂုမ်စာပြန်ပွဲတော်ကြီးတွင် ဓနုဒေသအတွင်းကျောင်းတိုက်အသီးသီးရှိ သံဃာတော်များမှ မူလတန်းအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထ
အဆင့်၊ ပဉ္စမအဆင့်နှင့် ဆဠမအဆင့်တို့တွင်စာပြန်စာဖြေဝင်ရောက်ဖြေဆိုသည့် သံဃာစုစုပေါင်း ၅၆၅ ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ ၅၁၂ ပါး အောင်မြင်ခဲ့ကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)