နမ္မတူ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန အနေဖြင့် မြို့နယ်ဖွံ့ဖြိုးသာယာလှပရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရေး အတွက် နှစ်စဉ်ရပ်ကွက်အတွင်းရှိလမ်းများကို အဆင့်မြင့်တင် ဆောင်ရွက်လျက်ရှိရာ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၃)ရှိ ခွာညိုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ခွာညိုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ် အတွက် စည်ပင်သာယာရေးဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉.၈၉ကျပ်သန်းဖြင့် လမ်းအရှည် (၅၃၅)ပေ၊ အကျယ် (၁၀)၊ ထု (၆)လက်မရှိပြီး မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
ထိုသို့ ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ယခုအခါ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ် အတွက် ပန်ဟိုက်ရပ်ကွက် (၄)ရှိ မြို့လယ်ဓမ္မာရုံ နောက်ကြောလမ်း ကွန်ကရစ်တံတား တည်ဆောက်ခြင်းနှင့် မြို့တွင်းရေပိုက်လိုင်များ ပြုပြင်ခြင်း လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိပြီး သတ်မှတ် အချိန်အတွင်း သတ်မှတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်း ထံက သိရသည်။
လူမော်