ရသေ့တောင် ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၄၁)ကြိမ်မြောက် ကဿပညီနောင်ရှင်တစ်ထောင်ဘုရား ဗုဒ္ဓပူဇနိယ ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်အမှူးပြုသော ဧည့်ပရိတ်များက စစ်တွေမြို့ စိတ္တသုခကမဋ္ဌာန်း ကျောင်းတိုက် ရွှေဂူရိပ်သာ ဆရာတော်ဘဒ္ဒန္တ ခေမိကစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များရွတ်ဖတ် ပူဇော်ပြီး ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။
ထို့နောက် ကျောင်းတကာမများက ပုဒ်စုံရတုများဖြင့် ဂုဏ်ပြုပူဇော်ကြပြီး လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌာတု (၃)ကြိမ်ရွတ်ဆိုပူဇော်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ဆွမ်းအလှူရှင်များက သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ရသေ့တောင်မြို့၌ (၄၁)ကြိမ်မြောက် ကဿညီနောင်ရှင်တစ်ထောင်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်အား ဇန်နဝါရီ ၁၄ ရက်နေ့မှစ၍ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နောက်ဆုံး ပြာသိုလ်လပြည့်နေ့တွင် ယခင်နေ့ရက်များထက် အနယ်အနယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)