တောင်ကုတ်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

တောင်ကုတ်  ဇန်နဝါရီ  ၁၇

ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက်က မြို့ပေါ်ရပ်ကွက်များ အတွင်းလှည့်လည် အသိပေးနှိုး‌ဆော် ဆောင်ရွက်ခဲ့ ကြောင်း ကြသိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင် သမျှအိမ်မှာနေကြရန်၊ အပြင်ထွက်တိုင်းပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာ ဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးများတစ် နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုရှိစေရန်ထိုးနှံပေးလျက်ရှိရာ မပျက်မကွက် အကြိမ်အရေအတွက် ပြည့်ဝစွာထိုးနှံကြပါရန် အချက်များအား အသိပေး နှိုးဆော်ခဲ့သည်။

ဆက်လက်ပြီး ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ကြရန် ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများ အားအသင့်တပ်ဆင်ထားရှိကြရန်နှင့် မီးလောင်မှု များဖြစ်ပွားလာပါ မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားကြရန်လိုအပ်ကြောင်း စည်းကမ်းချက်များကို မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

စန်းဝင်း(မြို့နယ်ပြန်ဆက်)