ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ ပြာသိုလပြည့်နေ့ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

ကျိုက်မရော ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့် ဘုရားကြီး၌ ပြာသိုလပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ယမန်နေ့တွင် တနင်္ဂနွေနေ့ရုံးပိတ်ရက်နှင့်လည်း တိုက်ဆိုင်နေသဖြင့် ရပ်နီးရပ်ဝေးမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များဖြင့် ဆုတောင်းပြည့် ဘုရားကြီးဝန်းအတွင်း၌ စည်ကား လျက်ရှိကြောင်း သိရသည်။

ဘုရားဖူးပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူနိုင်ကြစေရန် ဘုရားကြီးအတွင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားပေးပြီး ဘုရားဖူး ပြည်သူများအား နှာခေါင်းစည်း (mask)များကို အခမဲ့ပေးထားပြီး လူစူလူဝေး မဖြစ်ပေါ်စေရန်လည်း စနစ်တကျ ဆောင်ရွက်ပေးထားသဖြင့် ဘုရားဖူးများ စိတ်အေးချမ်းသာစွာဖြင့် ပန်းရေချမ်းဆီမီး ကုသိုလ်ပြုကြသည်။

ကျိုက်မရောမြို့နယ်တွင် မွန်လူမျိုးအများဆုံးနေထိုင်ကြသည့်အတွက် ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီး ဥပုသ်နေ့များတွင် ဘုရားကျောင်းကန် စေတီများ၌ ဥပုဒ်သီလစောင့်သူများ၊ ဘုရားဖူးလာ ပြည်သူများအား အာဟာရဒါန စတုဒီသာမုန့်များ၊ မွန်ရိုးရာမုန့်များဖြင့် ကျွေးမွေးဧည့်ခံကာ ကုသိုလ်ယူလျက် ရှိကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)