ရွှေကူ သြဂုတ် ၂၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ကုစားမှုအစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက ကိုဗစ်−၁၉ ကုစားမှုအစီအစဉ်ဖြင့် ရွှေကူမြို့နယ် အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူ(၁၆)ဦးအား တစ်ဧကလျှင် ထောက်ပံ့ငွေ(၁၄၈၅၀၀)ကျပ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် ဧကပေါင်း(၆၀)ဧကအတွက် ထောက်ပံ့ငွေ (၈၉၁၀၀၀၀)ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းဦးနှင့် တာဝန်ရှိသူများက မိုးစပါးမျိုးစေ့ထုတ် တောင်သူများထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ကုစားမှုအစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)