ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌  ပြာသိုလပြည့်နေ့ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

ကျိုက်မရော ဇန်နဝါရီ ၁၆
 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည်ဘုရားကြီး၌ ပြာသိုလပြည့်နေ့တွင်နယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ယနေ့တွင် တနင်္ဂနွေနေ့ရုံးပိတ်ရက်နှင့် လည်းတိုက်ဆိုင်နေသဖြင့်ရပ်နီးရပ်ဝေးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံများမှဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်မှခရီးသွား ဧည့်သည်များဖြင့် ဆုတောင်းပြည့်ဘုရားကြီးဝန်းအတွင်း၌ စည်ကားလျက်ရှိ​ကြောင်း သိရသည်။
ဘုရားဖူးပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့်ဘုရားဖူး ကုသိုလ်ယူနိုင်ကြစေရန် ဘုရားကြီးအတွင်း၌ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားပေးပြီး ဘုရားဖူးပြည်သူများအား နှာခေါင်းစည်း(mask)များကိုအခမဲ့ပေးထားပြီး လူစူလူဝေးမဖြစ်ပေါ်စေရန်လည်း စနစ်တကျ ဆောင်ရွက်ပေးထားသဖြင့် ဘုရားဖူးများ စိတ်အေးချမ်းသာစွာဖြင့် ပန်းရေချမ်း ဆီမီး ကုသိုလ်ပြုကြသည်။
ကျိုက်မရောမြို့နယ်တွင် မွန်လူမျိုး အများဆုံးနေထိုင်ကြသည့်အတွက် ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီးဥပုသ်နေ့များတွင်ဘုရားကျောင်းကန်စေတီများ၌ဥပုဒ်သီလစောင့်သူများ၊ ဘုရားဖူးလာပြည်သူများအား အာဟာရဒါနစတုဒီသာမုန့်များ၊ မွန်ရိုးရာမုန့်များဖြင့် ကျွေးမွေးဧည့်ခံကာ ကုသိုလ်ယူလျက်ရှိကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)