စစ်တွေ ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ် တရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်းသည် ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်မြအေးနှင့် မောင်တောခရိုင် တရားသူကြီး ဦးမောင်လွင်တို့ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်သို့ သွားရောက်ပြီး အကျဉ်းထောင် အတွင်း လှည့်လည်ကြည့်စစ်ဆေးခဲ့ကြသည်။
ထိုသို့ လှည့်လည် စစ်ဆေးကြည့်ရှုရာတွင် အကျဉ်းသား၊ အကျဉ်းသူများ၏ နေထိုင်စားသောက် ရေးအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုအခြေအနေ၊ အကျဉ်းသား၊ အကျဉ်းသူများ ဥပဒေအရ ရရှိမည့်အခွင့်အရေးများရရှိမှု အခြေအနေများကို အကျဉ်းသား၊ အကျဉ်းသူများ၊ အချုပ်ကျ တရားခံများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြသည်။ ထို့နောက် အကျဉ်းသား၊ အကျဉ်းသူများ၏ အိပ်ဆောင်များ၊ စားဖိုဆောင်၊ အကျဉ်းထောင် ဆေးပေးခန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး အစီအမံများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြရာ ဘူးသီးတောင် အကျဉ်းထောင်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)