ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း မောင်တောခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စစ်တွေ   ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မောင်တောခရိုင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောခရိုင်၊ မြင်းလွတ်မြို့၊ ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ကျောက်ပန္ဒူ-စေတီပြင်ကားလမ်းဘေးရှိ မြေနေရာတွင် တိုက်ပွဲရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စု(၁၅၀)စုအား နေရာချထားမည့် မြေနေရာအားသွားရောက် ကြည့်ရှု ကြရာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရေမြိုင်ကျေးရွာအနီးရှင်းလင်းဆောင်တွင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးက ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၅၀ ဒသမ ၁၉၀ သန်းဖြင့် ဝေသာလီ-ဥဒေါင်းလမ်း ၁၃ မိုင်တွင် ကွန်ကရစ်လမ်းပိုင်းပျက်စီးနေမှုများအား ပြန်လည်ပြုပြင်နေမှု၊ လမ်းပခုံးဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးကြပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျသည့် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့်အတွက်ကြောင့် လမ်းကြံ့ခိုင်ကောင်းမွန်ရေး အထူးအလေးထားဆောင်ရွက် ပေးကြရန်မှာ ကြားကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မောင်တောမြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းသို့ သွားရောက်ပြီး အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂)တွင် တက်ရောက်သင်ကြားလျက်ရှိသော သင်တန်းသူများနှင့်သင်တန်းနည်းပြများအား  ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသူများအိပ်ဆောင်နှင့် စားရိပ်သာများအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောမြို့၊ မြို့မကျောင်းတိုက်၌ ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသော မဟာကျန် ဗုဒ္ဓရုပ်ပွားတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ကျောင်းတိုက်အတွင်း၌ မောင်တောမြို့ပေါ်မှ ဆရာတော်သံဃာတော်များအား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောနယ်စပ် - ကညင်ချောင်းစီးပွားရေးဇုန် တည်ဆောက် ရေးစီမံကိန်းသို့သွားရောက်ပြီး စီးပွားရေးဇုန်ကြီးကြပ်ရေးကော်မတီရုံး ခန်းမ၌ ဌာနဆိုင်ရာများ၊ စီးပွားရေးဇုန်တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကညင်ချောင်းစီးပွားရေးဇုန် ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ နယ်စပ်စီးပွားရေး ဆောင်ရွက် မည့်အခြေအနေနှင့်  နွားပွဲဈေးသတ်မှတ် ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ခရိုင်လမ်း ဦးစီးမှူးက ကညင်ချောင်းစီးပွားရေးဇုန် ပင်မလမ်းရေရှည်ကောင်းမွန်စေရေး ပြုပြင်ဆောင်ရွက်ရမည့် အခြေအနေများအားလည်းကောင်း၊ ကညင်ချောင်းစီးပွားရေးဇုန်ဒုတိယဥက္ကဋ္ဌ၊ ဦးအောင်မြင့်သိန်းက ကညင်ချောင်း စီးပွားရေးဇုန် တည်ဆောက်နေမှု၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် နိုင်ငံခြားဝင်ငွေရရှိမှု၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် အညီ ဆောင်ရွက်နေမှုစသည့်ကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စီးပွားရေးဇုန်ဆောင်ရွက်မှုများနှင့်လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့ကအကြံပြု ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်း ပေးကြသည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တော- ကညင်တန်း- အလယ်သံကျော်- အငူမော်လမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)