ကျောက်မဲ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ဟူးလိန်ကျေးရွာတွင် ဖောက်လုပ်လျက်ရှိသည့် ကျေးရွာ ကုန်ထုတ်လမ်းအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ အဖွဲ့ဝင်ဦးခင်ဇော်လှိုင်၊ နမ့်ဆန်မြို့နယ် တိရိစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမြခဲနှင့် မန်တုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းဦးတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍အဆိုပါ ကျေးရွာ ကုန်ထုတ်လမ်းအား မန်တုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် ရန်ပုံငွေဖြင့် ရတနာသိုက်နန်းကုမ္ပဏီမှ တင်ဒါအောင်မြင် ဆောင်ရွက်လျက်ရှိပြီး လမ်းအရှည်မှာ ၁ မိုင် ၃ ဖာလုံရှိကြောင်း၊ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက ဟူးလိန်ကျေးရွာရှိ လက်ဖက်နှင့် အခြားလယ်ယာ ဒေသထုတ်ကုန်များကို ရာသီမရွေးအချိန် တိုအတွင်း ဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်ပြီး ဒေသခံ အိမ်ထောင်စု ၁၁၀ စု၊ လူဦးရေ ၅၈၄ ဦးတို့၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုး တက်လာမည် ဖြစ်ကြောင်း ဦးနေလင်းဦး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)