ငါန်းဇွန်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေး

ငါန်းဇွန် ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈နာရီအချိန်မှစ၍ ကျောက်တလုံးကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်ထမ်းများက ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု ကျောက်တလုံးကျေးရွာ အ.ထ.က(ခွဲ)နှင့် ကျီးမင်းနားကျေးရွာ အ.မ.က(လွန်)တို့တွင် ပညာသင်ကြားနေသော နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာအတွင်းနေထိုင်ကြသော ပြည်သူများ စုစုပေါင်း (၅၇)ဦးတို့ အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်ခြင်းလုပ်ငန်းများကို အခြေခံပညာကျောင်းများနှင့် နေအိမ်များ အရောက် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးကြပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပန်းခင်းစီမံချက် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)