ဒဂုံမြောက် ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စာရေးဆရာအသင်းမှ အမှုဆောင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးညွန့်လှိုင် (မောင်မောင်ညွန့်လှိုင်)က မြို့နယ်စာရေးဆရာ အသင်းညီလာခံကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ အမှုဆောင်သစ် ပြန်လည်ရွေးချယ်ရေးအတွက် အသင်းဝင်များ အားဖိတ်ကြား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြုလုပ်ဆောင်ရွက်မည့် နေရာအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ပုံငွေများ ရရှိနိုင်ရေး အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အစည်းအဝေးကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်၍ အမှုဆောင် အဖွဲ့ဝင်များမှ မပျက်မကွက် တက်ရောက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ယခုအချိန်သည် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါများ ကူးစက်ဖြစ်ပွားနေသဖြင့် မဖြစ်ပွား စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြရန်နှင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက် လာသူ အဖွဲ့ဝင်များမှလည်းအသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)