သီပေါ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့ဟောင်းကျေးရွာရှိ ပြည်သူအများစုသည် သီးနှံမျိုးစုံအား စိုက်ပျိုးရောင်းချ လျက်ရှိရာ ယခုနှစ်တွင် ဟင်းသီးဟင်းရွက် အသီးအနှံများအပြင် မေမြို့ပန်း စိုက်ပျိုးသူများပြားပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။
မေမြို့ပန်းကို သီတင်းကျွတ်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးကာ အပင်ငယ်ချိန်တွင် ပိုးသတ်ဆေး ဖျန်းပေး ရကြောင်း၊ ကုန်ကျစရိတ် နည်းပါးခြင်း၊ အမြတ်အစွန်းများစွာ ကျန်ခြင်းတို့ကြောင့် စိုက်ပျိုးသူများပြားကြောင်း၊ မေမြို့ပန်းတွင် မျိုးပေါင်းများစွာရှိသည့်အနက် အခြားမျိုးများထက် စော၍ ပေါ်သော အက်စတာ မျိုးကိုသာ နှစ်စဉ်စိုက်ပျိုးကြကြောင်း၊ ယခင်နှစ်ကအပင်၄ပင်ပါ တစ်စည်းကို ငွေကျပ် ၃၀၀ ကျပ်သာ ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင်အပင်၄ပင်ပါတစ်စည်းကို ငွေကျပ် ၆၀၀/- ဈေး ရရှိကာ နေ့စဉ် ရောင်းချနေရသည့်အတွက် မိသားစုနေ့စဉ်ပုံမှန်ငွေရရှိကြောင်း ပန်းစိုက်ပျိုးသူတောင်သူ ဒေါ်နန်းခမ်းမြက ပြောကြားခဲ့သည်။
မြို့ဟောင်းကျေးရွာရှိ ပြည်သူအများစုသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သောကြောင့် ရာသီအလိုက် ပန်းများနှင့် ဟင်းသီးဟင်းရွက် များကို စိုက်ပျိုးကြပြီး တစ်ချို့က တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသလို တစ်ချို့က စီးပွားဖြစ် စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း သိရသည်။
ခင်လေး (ပြန်/ဆက်)