ကျိုင်းတုံ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီး၊ ပန်ကွဲတောင် ဗုဒ္ဓဥယျာဉ် သာယာလှပရေး စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက် ၇ နာရီခွဲက ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ စုပေါင်း၍ ဗုဒ္ဓဉယျာဉ် ပရိဝုဏ်အတွင်း အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့်စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် နေမှုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်းတို့က ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါဗုဒ္ဓဥယျာဉ်တော်တွင် အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှုရှိစေရန်နှင့် တောင်ပေါ်ဒေသ တိုင်းရင်းသားပြည်သူများ၊ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် တည်ထားပြီး ဗုဒ္ဓဥယျာဉ်တော်တွင် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး ထပ်မံတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)