တောင်သူများအတွက်မျိုးကောင်း မျိုးသန့်စိုက်ပျိုး ထုတ်လုပ် ဖြန့်ဖြူးပေးနေသည့် ပေါက်အင်းစိုက်ကွင်း

ချောင်းဦး    ဇန်နဝါရီ   ၁၆

စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြားဒေသများရှိ သီးနှံစိုက်ပျိုး လုပ်ကိုင်နေသည့် တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးနေသော ချောင်းဦးမြို့ရှိ ပေါက်အင်းစိုက်ကွင်းတွင် ယခုနှစ် ဆောင်းရာသီ သီးနှံမျိုးကောင်း မျိုးသန့်မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရန် ဧက ၂၁၀၀ စိုက်ပျိုးအောင်မြင် နေကြောင်း သိရသည်။

ပေါက်အင်းစိုက်ကွင်းတွင် တာဝန်ယူဆောင်ရွက်နေသည့် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီသီးနှံဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်မှ ပေါက်အင်းအတွင်း မျိုးကောင်းမျိုးသန့် သီးနှံဧက ၂၁၀၀ စိုက်ပျိုးထားကြောင်း၊ ပေါက်အင်းစိုက်ကွင်းအနေဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်း၊ တောင်သူများ အား မျိုးစေ့ဖြန့်ဖြူးပေးခြင်း၊ နည်းပညာများပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးနေကြောင်း၊ စိုက်ကွင်းအတွင်း ရေဆင်း-၁ စပ်မျိုးနေကြာ ၅၀ ဧက၊ ကုလားပဲ ရေဆင်း-၈၊ ရေဆင်း-၁၁၊ ရေဆင်း-၁၂ မျိုး ၁၆၁၀ ဧက၊ ဂျုံ ရေဆင်း-၁၂ မျိုး ၄၃၀ ဧက၊ နွေပဲတီစိမ်း ရေဆင်း-၁၄ မျိုး ၁၀ ဧက စိုက်ပျိုးထားပြီး အောင်မြင် ဖြစ်ထွန်းနေကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၏ ရည်ရွယ်ချက်များအတိုင်း မျိုးသန့်တွေ စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးထုတ်လုပ်ပေးနေကြောင်း ပြောကြားသည်။ စိုက်ပျိုးရေး လုပ်ကိုင်ရာ တွင် ဓာတုဆေးဝါးများ သုံးစွဲမှု လျော့ချပြီး သဘာဝမြေသြဇာထည့်သွင်းခြင်းနှင့် သီနှံဖျက်ပိုးများ ကြိုတင် ကာကွယ်နိုင်စေရေး ဥကပ်ပါးနကျယ် လွှတ်ခြင်းများ ဆောင်ရွက်ကြောင်း၊ သဘာဝပတ်ဝန်းကျင်မပျက်စီးစေရေး ထိမ်းသိမ်းလျက်ရှိကြောင်း သိရသည်။

ပေါက်အင်းစိုက်ကွင်းအတွင်း မိုးရာသီ ချင်းတွင်းမြစ်ရေ ဝင်ရောက်လာချိန်တွင် ဒေသခံပြည်သူများ ငါးစားသုံးမှု ဖူလုံနိုင်စေရေးအတွက် ငါးသားပေါက်များ ထည့်သွင်းမွေးမြူ ထုတ်လုပ်ပေးနေပြီး ရေခန်းခြောက်သွား၍ ကုန်းမြေအဖြစ်ပေါ်လာချိန် ဆောင်းရာသီတွင် တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ ဖြန့်ဖြူးပေးနိုင်စေရေး သီးနှံစိုက်ပျိုးလုပ်ကိုင်ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)