မုဒုံမြို့နယ်တွင် ဂန္ဓမာပန်းများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မုဒုံ   ဇန်နဝါရီ   ၁၆

မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ခိုက်ကျေးရွာတွင် ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးကြပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အဆိုပါကျေးရွာနေ ပန်းစိုက် တောင်သူများထံမှ သိရသည်။

ကျွန်တော်တို့ ပန်းပျိုးပင်တွေကို တစ်လအကြာ ပျိုးထားပြီးစစိုက်တဲ့အချိန်မှ နှစ်လခန့်ကြာတွင် နုတ်ယူ ရောင်းချလို့ရပါတယ်၊ အခုပန်းပင် သုံးသောင်းကျော်ကို စိုက်ပျိုးကုန်ချစရိတ် သုံးသိန်းဝန်းကျင်ရှိပြီး တစ်နေ့ကို ငွေကျပ်သုံးသောင်းနီးပါး ရရှိပါတယ်၊ ဂန္ဓမာပန်းများမှာ  တစ်ရိုးတစ်ပွင့်ပန်းနှင့် အခိုင်လိုက် ထားတဲ့ပန်းဆိုပြီး  နှစ်မျိုးရှိပါတယ်၊ ဂန္ဓမာပန်း၊ ကြွေဖြူ၊ ရွှေဝါ စတဲ့ဂန္ဓမာပန်း အမျိုးအစားတွေကို အဓိကစိုက်ပါတယ်၊ မိုးတွင်းအချိန်မှာဆိုရင် ပန်းပင်တွေကို အမိုးမိုးစိုက်ရတဲ့အတွက်ကြောင့် အမြတ်နည်းပါတယ်၊ နွေရာသီကာလမှာဆိုလည်း ရေပြသနာကြောင့် နည်းနည်းပါးပါး ဘဲစိုက်ပါတယ်၊ ယခုလိုအချိန်မှာဘဲ ပန်းကအထွက်များပြီး စိုက်ရတာ အဆင်ပြေပါတယ်လို့  အဆိုပါကျေးရွာမှ ပန်းစိုက်တောင်သူ ဦးဝင်းဋ္ဌေးက ပြောသည်။

မုဒုံမြို့နယ် ကော့ခိုက်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းများကို အဓိကထား စိုက်ပျိုးလုပ်ကိုင် ကြပြီး မေမြို့ပန်း၊ ဂန္ဓမာပန်း၊ ရွှေဝါပန်း စသည့် ပန်းအမျိုးအစားများကို မိမိတို့၏ ခြံဝင်း၊ လယ်ယာမြေ များတွင် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရှိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)