ဟိုပင် သြဂုတ် ၂၅
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့၌ စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၃ ဦး ရွေးချယ်တင်မြောက်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အစီမံများနှင့်အညီ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဟိုပင်မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုကိုက စည်ပင်သာယာရေး ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ဦးမှ တစ်ဦးဖြစ်သည့် မြို့မိမြို့ဖ ဦးတင်ဝင်းက မဲပေးရမည့် အခြေအနေများကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၃ ဦးအား မဲပေးသည့်စနစ်ဖြင့် ရွေးချယ်ရာ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌအဖြစ် ဦးညီနိုင်ကိုလည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဦးတင်မြင့်ခေါ် ဦးသြဘာ၊ ဒေါက်တာသန်းထွန်းနှင့် ဦးမျိုးမြင့်တို့က အသီးသီးရွေးချယ်ခံရကြောင်း ဟိုပင်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးတင်ကိုကို ထံမှ သိရသည်။
အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်၊ ဟိုပင်မြို့စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဦးတင်ကိုကိုနှင့် ဝန်ထမ်းများ၊ ကြီးကြပ်ရေးအဖွဲ့ဝင် မြို့မိမြို့ဖ ၅ ဦး၊ လူမှုရေး၊ စီးပွားရေးအဖွဲ့များနှင့် စည်ပင်သာယာရေး အဖွဲ့၏ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
တိုးတိုးမေ−ဟိုပင်