ညောင်ဦးခရိုင်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပဲစင်းငုံခုတ်ထားသူများ၊ နွားစာပဲမှော် မသိမ်းရသေးသူများ၊ ပြောင်းရိတ်ထားသူများ မိုးမိပြီး တချို့တဝက် ပျက်စီး

ညောင်ဦး  ဇန်နဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က စတင်ရွာသွန်းသည့် အချိန်အခါမဟုတ်မိုးကြောင့် ပဲစင်းငုံခုတ်နေလှန်းထားသူများ၊ မြေပဲနုတ်သိမ်းပြီး ပဲရိုးပဲမှော် မသိမ်းရသေးသူများ၊ ပြောင်းရိတ်ထားပြီး အိမ်မသယ်ရသေးသူများ အနည်းနှင့်အများ ပျက်စီးကုန်ကြောင်း ကျောက်ပန်းတောင်းမြို့ လဲဂွကျေးရွာ တောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ၊ ကျောက်ပန်း တောင်းမြို့နယ် ကျေးလက်တောင်သူများ၊ ငါ့သရောက်မြို့၊ ပုဂံမြို့ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ပဲစင်းငုံခင်းများ ယခုလတွင် ခုတ်ပြီးသိမ်းဆည်းရန် နေလှန်းထားသည့်အချိန်ဖြစ်ခြင်း၊ ခြောက်လ မြေပဲ၊ သုံးလမြေပဲခင်းများ နုတ်သိမ်းပြီး မြေပဲတောင့်များ ဆွတ်ခူးခြွေလှေ့ပြီးဖြစ်သော်လည်း ပဲရိုး/မြေပဲမှော်များ နွားစာအတွက် မသိမ်းရသေးခြင်း၊ နှံစားပြောင်းရိတ်သိမ်းပြီး နေလှန်း သိမ်းဆည်းချိန်တွင် မိုးရွာသွန်းခြင်းများကြောင့် ကျေးလက်တောင်သူများ အနည်းနှင့်အများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ ဦးသန်းထိုက်က ပြောကြား၍ သိရသည်။

အဆိုပါ အချိန်အခါမဟုတ် ရွာသွန်းခြင်းအား ညောင်ဦးခရိုင်တွင် မိုးရွာသွန်းမှုကြုံရခဲကြောင်း၊ မိုးဥတုမှာပင် မိုးရွာသွန်းမှုနည်းသည့် အပူပိုင်းမိုးခေါင်ရပ်ဝန်းဖြစ်ကြောင်း၊ ကြုံတောင့်ကြုံခဲ မိုးရွာသွန်းမှုကြောင့် မသိမ်းဆည်းရသေးသည့် ခုတ်ပြီးသား ပဲစင်းငုံပင်များ၊ ပဲရိုး/ပဲမှော်များ၊ နှံစားပြောင်းများ မိုးမိပြီး မှိုတက်ပျက်စီးနိုင်ကြောင်း၊ အညာဒေသတွင် မြေပဲရိုး/မြေပဲမှော်အား နွားစာစဉ်းစက်ဖြင့်စဉ်းပြီး နွားစာလှောင်စင်များတွင် ဆားပက်ကာနွားစာအဖြစ် အခြားအစား အစာဖြင့် ရောကျွေးခြင်း၊ ပဲစင်းငုံအစေ့ထုတ်ပြီးသား အသီးခွံ/မှော်ကိုလည်း နွားစာအဖြစ် အသုံးပြုကြောင်း၊ နွားများ အင်မတန်ကြိုက်သည့် အစားအစာဖြစ်ကာ အစားပျက်သည့်နွားများ မြေပဲမှော်၊ ပဲစင်းငုံမှော်ဖြင့် အစားပျက်နွားများအား ပြန်လည်အစားစားအောင် လုပ်ဆောင်ကြကြောင်းလည်း သိရသည်။

အညာဒေသတွင် နှံစားပြောင်း၊ ထွက်တိုးပြောင်းများအား နွားစာအတွက် ကြဲပက်စိုက်ပျိုးကြပြီး ယခုအချိန်သည် ပြောင်းများရိတ်သိမ်း အခြောက်လှန်းထားသည့်ကာလဖြစ်ရာ အချိန်အခါမဟုတ်မိုး မိခြင်းကြောင့် ပြောင်းနှံများပျက်စီးခြင်း၊ ပြောင်းပင်များမှိုတက်ခြင်းအနည်းအများဖြစ်နိုင်ကြောင်း ညောင်ဦးမြို့ တောင်ရှေ့ကျေးရွာ တောင်သူ ဦးတင်စိုးက ရှင်းပြ၍ သိရသည်။

ကိုထိန်၊KPD