မိုးညှင်း ဇန်နဝါရီ ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသတွင် (၁၅၃)ကြိမ်မြောက် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူရေလည်ဘုရားပွဲတော်ကို အကျဉ်းချုံးဆွမ်းတော်ကြီးကပ်လှူပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက် မွန်းတည့်(၁၂)နာရီခွဲက လွဲမွန်ကျေးရွာအုပ်စု၊ နန့်ပတဲကျေးရွာအတွင်းရှိ ရွှေမဉ္ဇူကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးကျင်းပရာတွင် ညောင်ပင်ဆရာတော်၊ လွဲမွန်ဆရာတော်၊ နန့်မွန်း ဆရာတော်နှင့် ဟဲပုဆရာတော်တို့က ဩဝါဒစကားမိန့်ကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက မိတ်ဆက်စကားပြောကြားပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များအသီးသီးမှ ကိုဗစ်−၁၉ရောဂါ ညွှန်ကြားချက်များနှင့် နယ်မြေအခြေအနေအရပ်ရပ်အား ဆွေးနွေးတင်ပြ လျှောက်ထားကြရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဘုရားပွဲတော်နှင့်ပတ်သက်၍ လုပ်ဆောင်သင့်သည်များကို ပွဲတော်ကျင်းပနိုင်ရေးအတွက် ဘုရားပွဲတော်ကို အကျဉ်းချုံး အနေဖြင့်သာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။
ယခင်နှစ်များက အင်းတော်ကြီးဘုရားပွဲတော်ကို အခြားအမြို့မြို့ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်−၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် အကျဉ်းချုံးအနေဖြင့် ဆွမ်းတော်ကြီးကပ်လှူပွဲကို အစဉ်အလာမပျက် တပေါင်းလဆန်း (၈)ရက်နေ့တွင် ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွှေမဉ္ဇူဘုရားဂေါပကအဖွဲ့မှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)