မော်လမြိုင် ဇန်နဝါရီ ၁၆
မွန်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်လှစ်ခြင်းကို အဆိုပါကြက်ခြေနီ ရုံးခန်းမ၌ ဇန်နဝါရီ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက်တွင် သင်တန်းဆင်းပွဲကျင်းပကြောင်း သိရသည်။
သင်တန်းကိုမွန်ပြည်နယ် ၁၀ မြို့နယ်မှ ကြက်ခြေနီအသင်းအဖွဲ့ဝင် ၃၀ ဦး တက်ရောက် သင်ကြား ခဲ့ကြပြီး သင်တန်းပို့ချပေးမှုတွင် အခြေခံ ရှေးဦးပြုစုခြင်း ဘာသာရပ်၊ သင်ကြားရေး အထောက်အကူပြု ဘာသာရပ်၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ပတ်တီးစည်းနည်း တို့ကို နည်းပြ ၃ ဦးတို့က စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသည်။ ယင်းသင်တန်းတွင် သင်တန်းသားများအနေဖြင့် ပို့ချပေးသည့် ဘာသာရပ်များအပေါ် ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်စေရန်အတွက် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲကို ဖြေဆိုစေခဲ့ခြင်း အပြင် မိမိတို့မြို့နယ်များတွင်လည်း သင်တန်းများပြန်လည်ပို့ချနိုင်ရန် ရှေးဦးပြုစုခြင်း လက်စွဲစာအုပ်နှင့် ဆေးအိတ်ငယ်များကို တပါးတည်းပေး အပ်သည်။
မွန်ပြည်နယ်တွင် ကြက်ခြေနီ စေတနာ့ဝန်ထမ်းတို့၏ လုပ်အားဖြင့် ရပ်/ရွာအတွင်းရှိ ပြည်သူများ အတွက် အရေးပေါ်အခြေအနေများတွင် မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများကို လျော့ချပေးရန် ကူညီနိုင်ခြင်းနှင့် မတော်တဆထိခိုက်မှုများ ကာကွယ်တားဆီးနိုင်ခြင်းကဲ့သို့သော သင်တန်းများ ဖွင့်လှစ်ပေးခြင်းအပြင်အလားတူ ပြည်သူ့အကျိုးပြု လုပ်ငန်းသင်တန်းများစွာ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)