ရာဘာဈေးကောင်းရနေသဖြင့် ရာဘာခြံငယ်သမားများတွက် ခြေကိုက်ရာဘာခြစ်သမားများ အဆင်ပြေ

ချောင်းဆုံ ဇန်နဝါရီ ၁၆

ယခုနှစ် ဆောင်းရာသီအကုန်တွင် ရာဘာဈေးများ ထိုးတက်နေ၍ ရာဘာခြံသမားများ တွက်ခြေကိုက်သည့် အပြင်ထက်ဝက်စား ရာဘာခြစ် သမားများလည်း အဆင်ပြေလျက်ရှိကြောင်း ဒေသခံရာဘာခြံငယ်ပိုင်ရှင်များမှ သိရသည်။

“ရာဘာကတစ်ပေါင်ကို ငွေကျပ်၉၀၀ ကျော် ၁၀၀၀ လောက် ယခုပေါက်ဈေးရှိနေတော့ ပြောရရင် ခြံသမားရော အငှားလိုက်ခြစ်နေတဲ့ သူတွေရော အရင်ထက်စာရင် အဆင်ပြေတယ်လို့ပြောရမှာပေါ့၊ ယခင်နှစ် ဒီလိုပွင့်လင်းရာသီတုန်းကဆိုရင် ရာဘာ တစ်ပေါင်ကို ငွေကျပ် ၆၀၀ နဲ့ ၇၀၀ ကြား လောက်ပဲရှိတော့ ခြံသမားတွေအတွက် သိပ်မကျန်ဘူးလေ”ဟု ရာဘာအငှားခြစ်သူ ကိုလင်းဇော်က ပြောသည်။

ချောင်းဆုံမြို့နယ်အတွင်း ထွက်ရှိသည့် ရာဘာပြားများကို ရန်ကုန်၊ မုဒုံမြို့၊ သံဖြူဇရပ်၊ ကမာဝက် ကျိုက်မရောမြို့နယ်များရှိရာ ဘာသန့် စက်ရုံများမှ အဓိကဝယ်ယူမှုများရှိနေပြီး ယခင်နှစ်ထက် ဈေးနှုန်းကောင်းနေခြင်းဖြစ်ကြောင်း ရာဘာဝယ်ယူသူတစ်ဦးထံမှ သိရသည်။

“ရာဘာခြစ်ပြီးအစေးထွက်တာနဲ့ ရောင်းကုန်က နှစ်မျိုးရှိတယ်လေ၊ ရာဘာရေနဲ့ ရာဘာပြားဆိုပြီး နှစ်မျိုးပေါ့၊ အဓိကက ခြံသမားတွေက ရာဘာပြားပဲလုပ်ကြတာများတယ်၊ အဓိကကတော့ ခြစ်သမားတွေက အစေးခြစ်တာနဲ့ အပြားလုပ်တာပါအပြီးဆိုရင် ထွက်ရှိတဲ့ ရာဘာပြား ရောင်းရငွေ ရဲ့ ခြံသမားက ၆ ပုံ ၄ ပုံ နဲ့ လုပ်နေတာဆိုတော့ ဈေးကောင်းတော့ နှစ်ဦးနှစ်ဖက်လုံး ပိုအဆင်ပြေတယ်လို့ ပြောရမှာပေါ့” ဟု တစ်နိုင်တစ်ပိုင်ရာ ဘာခြံငယ်လုပ်ငန်းပိုင်ရှင် ဦးလေးမောင်ထံမှ သိသည်။

(ဘီလူးကျွန်း)ချောင်းဆုံမြို့နယ်တွင် ရွာတိုင်းနီးပါး ရာဘာပင်ကို အများဆုံးစိုက်ပျိုးလျက်ရှိပြီး ရာဘာခြံကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် ခြံရှင်များမှ အပိုဝင်ငွေရရှိသည့်အပြင် စားဝတ်နေရေး အဆင်ပြေစွာဖြင့် လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း၊  ရာဘာဈေးကောင်းနေသဖြင့် ရာဘာခြစ်သမားများလည်း မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)