မောင်တော ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက မောင်တောမြို့နယ်အတွင်းရှိ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့သည် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စုရှိ မြိုတိုင်းရင်းသား အိမ်ထောင်စု(၁၅၀)အား နေရာချထားမည့် လျာထားမြေနေရာသို့ သွားရောက် ကြည့်ရှုရာ တာဝန်ရှိသူများက မြေနေရာချ ထား ပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များကိုမှာကြားခဲ့သည်။ ထို့နောက် မြင်းလွှတ်မြို့မှ ခရေမြိုင်ရွာအနီး ဝေသာလီ-ဥဒေါင်းလမ်း(၃)မိုင်(၃)ဖာလုံသို့ သွားရောက်ကြည့်ရှုရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွန်ကြားရေးမှူးမှ ဝေသာလီ-ဥဒေါင်းလမ်းအပိုင်းနှင့်ပတ်သတ်၍ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့တော်ခန်းမ၌ အိမ်ထောင်စုလူဦးရေ စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲနှင့် မောင်တောမြို့နယ် လျာထားချက်ပြီးမြောက် အောင်မြင်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ် လူမှုရေးရာ ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် ပန်းခင်း စီမံချက်အကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မောင်တောခရိုင်၊ မောင်တော မြို့နယ် အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း(၇၅) ခု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၅၆၀)ကတ်အား ပေးအပ်ကြရာ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ် လူမှုရေးရာဝန်ကြီးတို့က အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သော မောင်တောမြို့နယ် ဦးစီးမှူးနှင့် စစ်တွေမြို့နယ်ဦးစီးမှူးတို့အား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မောင်တောမြို့ရှိ သမိုင်းဝင်မဟာကျန် ရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ နှင့် နဝကမ္မဝတ္တုငွေများ ဆက်ကပ်ခဲ့ကြသည်။ ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်ကာ သင်တန်းကျောင်းအား လှည့်လည်ကြည့်ရှုပြီး သင်တန်းသူများနှင့် တွေ့ဆုံကာ ကျောင်းအုပ်ဆရာမကြီးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ကညင်ချောင်းစီးပွားရေးဇုန်သို့ သွားရောက်ကာ ပင်မခန်းမဆောင်၌ ကညင်ချောင်း စီးပွားရေးဇုန် ဖွင့်လှစ်ထားရှိမှု၊ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကညင်ချောင်းစီးပွားရေးဇုန် ပင်မလမ်းနှင့် ပတ်လမ်းပြုပြင်ဆောင်ရွက်မည့် အခြေအနေများတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကညင်တန်း-အလယ်သံကျော်-ဥဒေါင်းလမ်းအတိုင်း မော်တော်ယာဉ်ဖြင့် လမ်းအခြေအနေများအား ကြည့်ရှုရာ သရေကုန်း ဘောင်ရွာထိပ် ယာယီ လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ ကားလမ်း အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)