ရသေ့တောင် ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၄၁) ကြိမ်မြောက် ကဿပညီနောင်ရှင်တစ်ထောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား ယမန်နေ့မှစ၍ ပျော်ပွဲ ရွှင်ပွဲများဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်အား ယခင်နှစ်များက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်တက်နေခြင်းကြောင့် ပွဲတော်ကျင်းပ ပြုလုပ်နိုင်ခြင်းမရှိပဲ ယခုအခါ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းလာခြင်းကြောင့် ဗုဒ္ဓပူဇနိယပွဲတော်အား ပြန်လည် ကျင်းပခြင်းဖြစ်ပြီ ဓမ္မာသဘင် တရားပွဲအပြင် ပျော်ပွဲ၊ ရွှင်ပွဲများဖြစ်သည့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ခေါင်းအုံး သတ်ပွဲ၊ ချောတိုင်တက်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသမီးလွန်ဆွဲပွဲများဖြင့် ဇန်နဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ကဿပညီနောင်ရှင်တစ်ထောင်ဘုရား ဂေါပက အဖွဲ့ထံမှသိရသည်။
အဆိုပါ ကဿပညီနောင်ရှင်တစ်ထောင်ဘုရားသည် ရသေ့တောင်မြို့ အနောက်ဘက် မေယုမြစ်အနီးတွင် တည်ရှိပြီး ဂေါတမမြတ်စွာဘုရားရှင် က တိတ္ထီအယူဝါဒရှိသည့် ကဿပညီနောင်ရှင်အပါး တစ်ထောင်တို့ကို တရားဓမ္မများ ဟောကြား ခဲ့ပြီး ကျွတ်တန်းဝင်ခဲ့ကြသည့် ပြာသိုလ်လပြည့်နေ့ကိုအစွဲပြု၍ ရသေ့တောင်မြို့စည်ကားတောင်တွင် သာသနာက္ကရာဇ် (၂၅၂၄)ခု၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်က ဂေါတမ မြတ်စွာဘုရားရှင်နှင့် ရှင်အပါးတစ်ထောင်တို့ကိုတည်ထား ကိုးကွယ် ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား ပြာသိုလ်လဆန်း ၁၃ ရက်နေ့မှ ပြာသိုလ်လပြည့်နေ့ထိ ကျင်းပပြုလုပ် လျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့်စည်ကား လျက်ရှိကြောင်းသိရ သည်။
အောင်စံထွန်း (ပြန်/ဆက်)