ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ဆောင်းကြက် သွန်စိုက်ပျိုး တောင်သူများ လှောင်ကြက်သွန်နီများ ဆောင်းကြက်သွန်နီ ပြန်လည်စိုက်ပျိုး ချိန်ထိဈေးနှုန်း ကျဆင်းနေခြင်းကြောင့် တောင်သူများလက်ထဲမှကြက်သွန်များအချိန်မ လွန်ခင်ရသည့်ဈေးနှုန်းဖြင့် ရောင်းချရနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့ ဦးစိန်ပွဲရုံမှ ဦးထွန်းရှိန်ပြောကြား၍ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်များကို အမြောက်အများ စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကာ ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သာရေး/နာရေး ပွဲများနှင့် ပြည်ပထွက်ပေါက်မရှိခြင်းများက ကြက်သွန်စိုက်တောင်သူများကို အထိနာစေခဲ့ကြောင်း ကြက်သွန်စိုက်တောင်သူများက ရှင်းပြသည်။
ဆောင်းကြက်သွန်တစ်သီး စိုက်ပျိုးချိန် ကြက်သွန်စင်ပေါ်ရောက်သည်ထိ အချိန်နှစ်ပတ်လည်အချိန် ကြာမြင့်ကြောင်း၊ ကြက်သွန်ပျိုးထောင်ခြင်းများကို သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ကြပြီး ကြက်သွန်ပျိုးသက် ၄၅ ရက်တွင် စိုက်မည့်အခင်းထဲ ရွှေ့ပြောင်းစိုက်ပျိုးကြကာ ချောင်းကြက်သွန်ခင်းများ နံနက်/ည ရေနှစ်ကြိမ်ဖျန်းလောင်းရပြီး ကုန်းကြက်သွန်စိုက်ပျိုးသူများ မြောင်းဖြင့်ရေသွင်းစိုက်ပျိုးပါက ငါးရက်တစ်ကြိမ်ရေသွင်းကြောင်း၊ ရေဖျန်းပါက နှစ်ရက်တစ်ကြိမ် ဖျန်းပေးရကြောင်းသိရသည်။ ကြက်သွန်စိုက်ပျိုးချိန် စရိတ်စက အလွန်ကြီးမြင့်ကာ နွားရှဉ်းထွန်ယက်ခ၊ တစ်မနက် တစ်သောင်းကျပ်၊ ထွန်စက်ထွန်ခ တစ်နာရီ နှစ်သောင်းနှစ်ထောင်ကျပ်၊ ကြက်သွန်စိုက်သမတစ်ဦး တစ်နာရီတစ်ထောင်ကျပ်(မိမိစိုက် နိုင်သလောက်နာရီဖြင့်တွက်ပေး)၊ လုပ်သားတစ်ဦး ရှစ်ထောင်ကျပ်၊ မြေဆီနွားချေး ပုဇဉ်းခေါင်း ထော်လာဂျီတစ်စီး သုံးသောင်းငါးထောင်ကျပ်၊ ကြက်သွန်မျိုးစေ့တစ်ပြီလေးသောင်းကျပ်၊ ငုံးချီး၊ ကြက်ချီးမြေဆီ တစ်တင်းခွဲဆံ့တစ်အိတ် လေးထောင်ကျပ်၊ နှမ်းဖတ်အမှုန့်ကြဲပက်ခြင်း၊ စက်ဆီဖိုး၊ ရွက်ဖြန်းဆေး၊ ကြက်သွန်နှုန်သိမ်းချိန် နှုတ်ခ၊ သယ်ယူခနှင့်လုပ်အား ခပေါင်းပါက ကြက်သွန် တစ်ဧကစိုက်ပျိုးစရိတ် လှောင်စင်ပေါ်ရောက်သည်အထိ သိန်းနှစ် ဆယ်ခန့်ကုန်ကျစရိတ်ရှိကြောင်း လဲဂွကျေးရွာကြက်သွန်စိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်စိုက်ပျိုးတောင်သူများသည် ယခုနှစ်တွင် ကြက်သွန် တစ်ပိသာ သုံးရာကျပ်သာ အများဆုံးရောင်းချခဲ့ရပြီး ယခုဈေးနှုန်း ကြက်သွန်တစ်ပိသာ သုံးရာငါးဆယ်ကျပ်မှ လေးရာကျပ်သာ ရောင်းချနေရခြင်းကြောင့် ကြက်သွန်စိုက်တောင်သူများ အရင်းအနှီးပင် ခက်ခဲသည့်နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးနန်းတင်ကပြော၍သိရကာ ဆောင်းကြက်သွန်မျိုး(ပျိုး) ထောင်ပြီးချိန်ထိ ကြက်သွန်ဈေးနှုန်း ကျဆင်းနေခြင်းကြောင့် အရှုံးများသည့်နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း ဦးတင်ထွန်းအောင်က ပြောသည်။
ကိုထိန်၊KPD