နောင်ချို ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ များတွင် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ရောဂါပိုးတွေ့ရှိမှု သိသိသာသာ ကျဆင်းလာကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာ ရေးဌာန၊ ဌာနဆိုင်များ၊ ပရဟိအဖွဲ့များပါဝင်သောအဖွဲ့များက နောင်ချိုမြို့ပေါ် ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်းလူဦးရေ(၉၆)ဦးကို RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူ (၂) ဦးသာ တွေ့ရှိရကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါအမြန်ဆုံး ကွင်းဆက်ပြတ်တောက်နိုင်ရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့အထိအတည်ပြုလူနာ(၄၅၂၁)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၄၄၅၂)ဦး၊ သေဆုံးသူ(၆၄)ဦး၊ ကုသဆဲလူနာ(၅) ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)