ကျောက်ဖြူ ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပြည်လုံးချမ်းသာအလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ ၂၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ရခိုင်ရိုးရာလောင်း(လှေ) ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့ နံနက် ၇ နာရီက ငလပွေ့ရပ်ကွက်ရှိ အဆိုပါဘုရားအနီး ငလပွေ့ချောင်းတွင် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
လောင်း(လှေ)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ကျောက်ဖြူမြို့နယ် သံဃာ့နာယက ဒုဥက္ကဋ္ဌ၊ ငလပွေ့ကျောင်းတိုက် ဆရာတော်မှ သြဝါဒစကားပြောကြားပြီး ငလပွေ့ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင် လောင်း(လှေ)နှစ်စီးအား တာဝန်ရှိသူများမှ အမွှေးနံသာများဖြင့် ပက်ဖျန်းပြီး ပြိုင်ပွဲအား ဆက်လက်ကျင်းပပေးခဲ့သည်။
ဘုရားပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ငလပွေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ “ကျွန်တော်တို့ ခုလို ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလာတာ အခုဆိုရင် ၂၅ ကြိမ်မြောက်ရှိနေပြီဖြစ်တယ်၊ ယခင်နှစ်ကတော့ ကိုဗစ်ရောဂါကြောင့်မကျင်းပဖြစ်ခဲ့ဘူး၊ ကျွန်တော်တို့ရပ်ကွက်ရဲ့ ဘုရားပွဲမှာ မပါမဖြစ်အမြဲ ထည့်ဖြစ်တဲ့ပွဲတွေကတော့ ရခိုင်ရိုးရာလှေပြိုင်ပွဲ၊ ကျင်ပွဲ၊ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲတွေကိုတော့ နှစ်တိုင်းထည့်ဖြစ်ပါတယ်၊ ဒီနှစ်မှာလည်း ယခင်နှစ်တွေက ထက်ပိုပြီး တော့ စည်စည်ကားဖြစ်အောင် ဘောလုံးပြိုင်ပွဲတို့၊ ကွန်ပျူတာဂိမ်းပြိုင်ပွဲတို့၊ ဘဲဖမ်းပြိုင်ပွဲတို့၊ အထုတ်သတ်ပြိုင်ပွဲတို့ စတဲ့ ပျော်ပွဲ ရွှင်ပွဲတွေနဲ့ ညဇာတ်ပွဲတွေကိုပါ ထည့်သွင်းကျင်းပထားပါ တယ်” ဟု ပြောကြားသည်။
အဆိုပါလောင်း(လှေ)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၅ သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပထမဆုရရှိသည့် အသင်းအား ငါးသိန်းကျပ်၊ ဒုတိယဆုရရှိသည့် အသင်းအား လေးသိန်းကျပ်၊ တတိယဆုရရှိသည့်အသင်းအား သုံးသိန်းကျပ်နှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းအား နှစ်သိန်းကျပ်စီ ဆုချီးမြှင့်သွားမည်ဖြစ်သည်။ အလားတူ ယနေ့တွင် ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲ၊ ချောတိုင်တက်ပွဲ၊ အထုတ်သတ်ပွဲ၊ လွန်ဆွဲပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ ဘဲဖမ်းပွဲ စသည့်ပျော်ပွဲရွှင်ပွဲများအား စည်ကားသိုက် မြိုက်စွာကျင်းပလျက်ရှိပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများအား ဇန်နဝါရီလ(၁၈)ရက်၊ ပွဲနောက် ဆုံးနေ့တွင် ဆုများပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း