ကျောက်ဆည် ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေရေးအတွက်၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာများအား ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မုန်တိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းအား ကျေးရွာလမ်းကော်မတီများ ဖွဲ့စည်း၍ လမ်းအရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဦးစီးအရာရှိဒေါ်ဌေးရီ (နည်းပညာ)တို့မှ အနီးကပ်ကြပ်ကြီးမှုဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ ကျပ်(၉၈)သိန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား၊ ပစ္စည်းတန်းဖိုးငွေကျပ် (၈၇၄၅၀၀၀)၊ စုစုပေါင်း (၁၈၅၄၅၀၀၀) ကျပ် အကုန်အကျခံကာ အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်လမ်း ဆောင်ရွက်လျက် ရှိရာ (၇၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်၊ မုန်တိုင်ကျေးရွာတွင် အိမ်ခြေအိမ်ထောင်စု(၃၆၀)စု၊ လူဦးရေ (၁၅၆၉)ဦး နေထိုင်လျက် ရှိပြီး ကွန်ကရစ်လမ်းခင်းရာမှာ "အရင်က ရွာတွင်းလမ်းတွေက မိုးရာသီဆို ကလေးတွေနဲ့ အသက်ကြီးသူတွေ အတွက် သွားရလာရတာ အဆင်မပြေဘူး အခုလိုမျိုး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပြီး လမ်းခင်း လိုက်တော့ အချိန်ရာသီမရွေးသွားလာလို့ ရသွားတာကြောင့် ပြည်သူများ ပျော်ရွှင်လျက်ရှိကြောင်း " ရပ်မိရပ်ဖ ဦးခိုင်စိုးလင်းက ပြောပြသည်။
သက်မောင်