ပျဉ်းမနား ဇန်နဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) သည် ယနေ့နံနက် (၁၀)နာရီတွင် ပျဉ်းမနားမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ လယ်တွင်းသား စောချစ် ရေးသားသည့် အမျိုးသားစာပေဆုရ စာအုပ်ဖြစ်သည့် ‘‘ပန်းလိုချင် အပင်ကိုပျိုးတတ်မှ’’ စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်သင်းသင်းဇင် စာရေးဆရာမ ‘‘ဇင်’’ က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ‘‘ပန်းလိုချင် အပင်ကိုပျိုးတတ်မှ’’ စာအုပ်ပါ အနာဂတ် လူငယ်တွေကို ပြုစုပျိုးထောင်တဲ့ နေရာမှာ မိဘနှင့်ဆရာသမားအတွက် သတိပြုရမည့် အကြောင်း အရာများကို ဆရာကြီး လယ်တွင်းသား စောချစ် က မီးမောင်းထိုးပြထားမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်ပါလူငယ်တွေအတွက် ပတ်ဝန်းကျင်ရဲ့ အရေးပါပုံ၊ စာဖတ်တတ်တဲ့ အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးဖို့လို၊ ခွဲခြားဆက်ဆံတဲ့အပြုအမူတွေ လူငယ်တွေ ရင်မဆိုင်ကြရစေဖို့၊ ယဉ်ကျေးလိမ္မာပြီး ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေဖြစ်ဖို့အတွက် ပြုစုပေးဖို့လို၊ လူငယ်တွေရဲ့အနာဂတ် ပိုးမကိုက်အောင် သတိပြုဖို့လို စသည့် အကြောင်းအရာများနှင့်ပက်သတ်၍ အတွေးအမြင်များကို အသီးသီး ဆွေးနွေးခဲ့ကြသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့အနေဖြင့် အကျိုးပြုစာပေများကို ရွေးချယ်ကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်းကျော်