ကာမိုင်း ဇန်နဝါရီ ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ လင်းရောင်ခြည်ကျောင်းတိုက်အတွင်း ရှိကျောင်းဆောင်တော်ကြီး၏ဘုရားဆောင်အား မွမ်းမံပြုပြင်ပြီး၍ ရွှေထီးတော်တင်ခြင်းမင်္ဂလာကို ယနေ့ နံနက်(၉)နာရီခန့်က ကျင်းပခဲ့သည်။
အဆိုပါ ကျောင်းဆောင်တော်ကြီး၏ဘုရားဆောင်ကို လွန်ခဲ့သောနှစ်များစွာကဘုရား ဒါယကာ ဦးတင်ငွေ၊ ဘုရားဒါယိကာမဒေါ်ကင်းကြည်တို့မှ ဆောက်လုပ်လှူဒါန်းထာခြင်းဖြစ်၍ ယခုအခါ တွင် ဘုရားဆောင်ကို ဆေးရောင်တင်လျက်၊ဘုံစဉ်အထပ်ထပ်တိုးကာအထူးထူးသော ဆည်လည်း၊ညောင်ရွက်၊ ခြူးပန်းခြူးနွယ်၊ အလွန်ဆန်းကြယ်သော ရွှေထီးတော်ကိုကျေးဇူးရှင်ဖခင်ကြီး ဦးဘသောင်းအမှူးထား၍ အလှူ့ဒါယကာ ဦးမောင်အေး၊ အလှူ့ဒါယိကာမဒေါ်စင်ရွှေ မိသားစု တို့နှင့် ရပ်ကွက်သူရပ်ကွက်သားများဖြင့် စုပေါင်း၍ ရွှေထီးတော်ကိုမြင်းရထားဖြင့် ဘုံအဆင့်သို့ ပင့်ဆောင်ကြပြီး ကျောင်းထိုင်ဆရာတော်နှင့် ဂေါပကအဖွဲ့များက ရွှေထီးတော်ကိုကပ် လှူပူဇော်ခြင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် အလှူရှင်မိသားစုများက ရွှေမိုးငွေမိုးများကျဲပြီး တဘက်နှင့်မွေ့ယာကံစမ်းမဲပေါက်သူ နှစ်ဦးကိုလည်း ကံထူးဆုများအဖြစ်ပေးအပ်ခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)