သီပေါမြို့နယ်တွင်  ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေပေးအပ်နိုင်ရေး စာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

သီပေါ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊မတ်လအထိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေ ပေးအပ်နိုင်ရေး စာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းသွယ်က  ကိုယ်ဝန်ဆောင်မိခင် အကျိုးခံစားသူ အမည်စာရင်းသွင်းခြင်း၊ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးခဲ့ရာ  တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုယ်ဝန်ဆောင် မိခင်အကျိုးခံစားသူ အမည်စာရင်းသွင်းခြင်း၊ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင်  မိခင်နှင့်ကလေးကျန်းမာရေး မှတ်တမ်းစာအုပ် လိုအပ်သောကြောင့် မှတ်တမ်းစာအုပ် ရရှိရေး ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဇန်နဝါရီလ (၂၅)ရက်နေ့ နောက်ဆုံးထား၍  အကျိုးခံစားသူ အမည်စာရင်းသွင်းခြင်း၊ မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)