ရန်ကုန် ဇန်နဝါရီ ၁၅
နွေရာသီကာလ၌ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)တို့ ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်ကလည်း တာမွေမြို့နယ်ရှိ မေတ္တာညွန့်စျေးနှင့် ဒဂုဏ်ညွန့်စျေးတို့တွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ် မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင်ဆောင်ရွက်ထား ရှိခြင်း၊ အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသို လှောင်ကန်များ ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းနှင့် စျေးသူ/သားများနှင့် စျေးလာရောက်ဝယ်ယူကြသူများ အနေဖြင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးလိုက်နာဆောင်ရွက် နိုင်ကြစေရန် အတွက် စျေးအတွင်းရှိ လူအများ မြင်သာသည့်နေရာများ၌ အသိပေး ပိုစတာများ ချိတ်ဆွဲခြင်း နှင့် စျေးအတွင်း အသံချဲ့စက်ဖြင့် အသိပညာပေးလိုက်လံနှိုးဆော်ခြင်းများကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
“ ဒီစျေးမှာ စျေးရောင်းချနေတဲ့ ဆိုင်ခန်းပိုင်ရှင်တွေ အကုန်လုံး နီးပါးက သူတို့ရဲ့ ကုန်ပစ္စည်းတွေကို စျေးမှာပဲ သော့ခတ်ပြီး သိမ်းဆည်းခဲ့တာကများပါတယ်။ နောက်ပြီး မီးဘေးအန္တရာယ်ဆိုတာကလည်း အချိန်မရွေး ဖြစ်ပေါ်နိုင်တဲ့အတွက် ယခုလို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အဆင်သင့်ဖြစ်အောင် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ထားတာပါ။ ကျွန်တော့်အနေနဲ့ စျေးသူ/သားတွေအပြင် စျေးသို့လာရောက်ကြသူ တွေကို ပြောချင်တာက မီးဆိုတာဟာ အသုံးပြုတတ်ရင် မိတ်ဆွေကောင်းဖြစ်သလို၊ အသုံးမပြုတတ်ရင်တော့ ရန်သူဖြစ်နိုင်တဲ့အတွက် မီးကို ပေါ့ဆစွာအသုံးမ ပြုဘဲ စနစ်တကျ အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ် ” ဟု ဒဂုဏ်ညွန့် စျေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် စည်ပင်သာယာစျေး(၇)စျေးရှိပြီး မြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ စျေးများတွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုအထူး အလေးထား ဆောင်ရွက်နေသလို မြို့နယ်အတွင်းရှိ စျေးများ၌ နွေရာသီကာလ အတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရေးအတွက်လည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)