တိုက်ကြီး ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း လျှော့ချ နိုင်ရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် အသက် ၁၈ နှစ် အထက်ပြည်သူများအား ပထမအကြိမ်နှင့်ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အိုးတန်း ရပ်ကွက် ရန်ကုန် - ပြည်လမ်းရှိ ရွှေဂျိုးဖြူခန်းမ၌ အသက် ၁၈ နှစ်အထက်ပြည်သူများအား ပထမအကြိမ် အဖြစ် (၃၀၈)ဦး ၊ ဒုတိယအကြိမ်အဖြစ် (၄၃၈)ဉီး စုစုပေါင်း ( ၇၄၆) ဉီးတို့ကို ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း နှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများကို QR Code စနစ်ပါဝင်သည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်းမှတ်တမ်းစာရွက်များအား ပြန်လည်ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာန မှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှုအားကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်စေရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးများ မပျက်မကွက်ထိုးနှံကြရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော တာဝန်ရှိသူများက အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)