မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(OMICRON) ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်

မောက်မယ်    ဇန်နဝါရီ    ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(OMICRON) ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များတို့က ပူးပေါင်း၍ မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(OMICRON) ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန် ယနေ့နံနက် (၈)နာရီကစတင်၍ မြို့ပေါ် ကွန်ကျိုင်းရပ်ကွက်၊ စျေးတန်းရပ်ကွက်နှင့် မွေတော်ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နိုးဆော်ရာတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်(OMICRON) ရောဂါဆိုင်ရာ လက္ခဏာများနှင့်ပတ်သက်၍ အိုမီခရွန်သည် မူလကိုဗစ်-၁၉ နှင့်လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေး များ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း ၊ ယခင် ကိုဗစ်ဖြစ်ဖူးသူများလည်း  ထပ်မံဖြစ်ပွားနိုင်ခြင်း၊ ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့်  လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ ပြင်ပထွက် တိုင်း Mask တပ်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း၊ အခွင့်အရေးရရှိပါက ကာကွယ်ဆေးထိုးနှံကြရန် စသည့်အချက်အလက်များအား အသံချဲ့စက်ဖြင့် မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး နိုးဆော်ခဲ့ ကြောင်း သိရသည်။

စိုင်းမျိုးသန့်