အမ်းမြို့နယ်၌ လူငယ်များ စာဖတ်ရှိန်မြင့်မားရေး လူထုအခြေပြုဗဟိုဌာန (Community Center)တွင် စာဖတ်ဝိုင်းကျင်းပ

အမ်း  ဇန်နဝါရီလ ၁၄ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များစာဖတ်ရှိန်မြင့်မားရေးအတွက် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေမှရသော အသိအမြင်ဗဟု သုတများကို အသုံးချတတ်စေရန်၊ တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များ မျှဝေတတ်စေရန် ရည်ရွယ်၍ ကျောင်းသားကျောင်းသူများဖြင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော ကိုယ့်ကိုယ်ကို ယုံကြည်မှု စာအုပ်ဖြင့် ဇန်နဝါရီလ(၁၄)ရက် နေ့လည်(၁)နာရီအချိန်က ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင်မျိုးတင် စာထောက် (၃)က ကျောင်းသားကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာအုပ်ပါအကြောင်း အရာများကို ဆွေးနွေးဖတ်ကြားခဲ့သည်။ ဆက်လက်၍ ဒသမတန်းကျောင်းသား မောင်ခင်မောင်စိုးက ကိုယ့်ကိုယ်ကိုယုံကြည်မှု မြင့်မားလာသည်နှင့်အမျှ အရည်အသွေးများသည်လည်း တစ်ချိန်တည်းမှာပင် တိုးတက်လာကြောင်း၊ ရှုမြင်ပုံတိုးတက်လာသည်အခါတွင် စွမ်းဆောင်မှုများတိုးမြင့်လာမည်ဖြစ်ကြောင်း မိမိကိုယ်ကို ယုံကြည်မှုမြင့်မားအောင် ကျင့်သုံးတဲ့နည်းကတော့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားဟူသော အချက်များဖြင့် သူ၏အတွေ့အကြုံများဖြင့် ဥပမာပေးဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသောကျောင်းသားများက စာအုပ်ပါအကြောင်းအရာများဖြစ်သော ကောင်းသောအကျင့်ဖြင့် မိမိကိုယ်ကိုမြှင့်တင်ကြရန်၊ အောင်မြင်ချင်ရင် ကျင့်သုံးရမည့်အကျင့်(၇)ချက်၊ အလေ့ထား(၇)ခုဟာ လူတိုင်းအတွက်  ကောင်းကျိူးချမ်းသာကိုဖြစ်စေနိုင်ကြောင်းများကို တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

စိုးမင်းထွန်း

မြို့နယ်(ပြန်/ဆက်)