ပေါက်တော ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အများပြည်သူများ အသိပညာဗဟုသုတပြည့်ဝရေး၊ စာဖတ်ခြင်းဖြင့် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရေး၊ လူငယ်များ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်စေရန်နှင့် လူအများရှေ့တွင် ပြောရဲ ဆိုရဲ ရှိလာစေရေး၊ စာပေမှရရှိလာသော သင်ခန်းစာများဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာပေဝါသနာရှင်လူငယ်များနှင့် ပူးပေါင်းလျက် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော "လူငယ်နဲ့အခွင့်အလမ်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ၎င်းစာအုပ်၏ အခန်း(၂)ပါ "လူငယ်နဲ့ အခွင့်အလမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက် လက်ထောက်(၃) ဦးဇော်ထွန်းလင်း က အခန်း(၆)ပါ "အဆိုးနဲ့အကောင်း"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မခင်ခင်လင်းက အခန်း(၉)ပါ "အောင်မြင်မှုရယူခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မအိအိဖြိုးက "လူ့တန်ဖိုး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင် လူငယ်များက သိရှိလိုသည် များကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်