မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး

မုဒုံ   ဇန်နဝါရီ   ၁၄

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်  ယနေ့နံနက်ပိုင်း က  မုဒုံမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်  (၆) လ ဘတ်ဂျက်ကာလအတွင်း ကန်ကြီးကန်ပတ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်နေမှု တို့ကိုကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဟင်္သာခန်းမသို့ရောက်ရှိ၍  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်  တည်ဆဲဥပဒေ၊  နည်းဥပဒေ၊  လုပ်ထုံး လုပ်နည်းများနှင့်အညီ  လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီနေထိုင်ကြရေး၊ ရပ်ရွာလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အထူးဂရုပြုကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသအကျိုးကိုကျေပွန်အောင် ဆောင်ရွက်ကြမည် ဖြစ်သည့်အပြင် မိမိတို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ပိုမိုတိုးတက်အောင်မြင်စေရန် လိုအပ်ချက်များကို  တင်ပြကြရန် လိုကြောင်း၊ တင်ပြဆောင်ရွက်မှုများကိုလည်း သတ်မှတ်ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများအရောက်  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ် - ၁၉  ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မိမိတို့မြို့နယ်အလိုက် ဆောင်ရွက်ပြီးစီးမှုအား ဆန်းစစ်ပြီး ပိုမိုဆောင်ရွက်ကြရန်လိုအပ်ကြောင်း အစရှိသည်ဖြင့် လမ်းညွှန်မှာကြားသည်။

ထို့နောက် ဌာနဆိုင်ရာများက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆) လ ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားလိုအပ်ချက်များ တင်ပြကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်၀န်ကြီးများနှင့်သက်ဆိုင်ရာ ဌာနတာဝန်ရှိများ က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအပြင် ရပ်/ရွာ သန့်ရှင်းသာယာလှပရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ