နေပြည်တော် ဇန်နဝါရီ ၁၄
နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ကာ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၂) အစည်းအဝေး အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာစေရေးကို ဦးစားပေးကဏ္ဍ တစ်ခုအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်စေချင်သည့် အတွက် ယခင်ခရီးစဉ် နေရာများအပြင် ခရီးစဉ်နေရာအသစ်များ ဖော်ထုတ်ခြင်း၊ သဘာဝကို အခြေခံသော ခရီးသွား လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ခရီးသွားလုပ်ငန်းများ၊ အားကစားကို အခြေခံသော ခရီးသွားလုပ်ငန်းများဖြင့် ခရီးစဉ်ဒေသများ ပေါ်ထွန်းလာအောင် ဆောင်ရွက်ခြင်း၊ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများ ပြုပြင်မွမ်းမံခြင်းနှင့် ခရီးစဉ်နေရာများ သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပြောကြားပေးစေလိုကြောင်း၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်စေရေးကို အဘက်ဘက်မှ စီမံဆောင်ရွက်နေသကဲ့သို့ ခရီးသွားလုပ်ငန်းကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ရာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ခရီးသွားလုပ်ငန်း အသိပညာများ၊ ဗဟုသုတများ၊ အတွေ့အကြုံများဖြင့် ဝိုင်ဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး နေပြည်တော်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော်တို့က နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ၊ ခရီးသွားလုပ်ငန်း အဖွဲ့အစည်း ကိုယ်စားလှယ်များက နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးချက်များ အပေါ် သုံးသပ်ဖြည့်စွက် ဆွေးနွေးပေးခဲ့ ကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)