ကျောက်တော်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကျောက်တော်   ဇန်နဝါရီ  ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာ၌ မိဘပြည်သူများအနေဖြင့် ဗီဇပြောင်းမျိုးကွဲသစ် ဖြစ်သည့် (Omicron) ရောဂါပိုးသည် ကိုဗစ်-၁၉ ရောဂါနှင့် လုံဝမတူညီခြင်း၊ ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းများကြောင့် ပြည်သူလူထုများအနေဖြင့် နေအိမ်ပြင်ပသို့ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာ(သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့သွားလာခြင်းမှ ရှောင်ကြည်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကိုလည်း မိဘပြည်သူများမှ အကြိမ်ပြည့်မပျက်မကွက် သွားရောက်ထိုးနှံကြရန် စသည့်အချက်များအား မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံ၊ လမ်းခွနေရာများသို့ သွားရောက်ပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း