ပုဗ္ဗသီရိ ဇန်နဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ဦးစီး၍ "ကျား၊ မရေးရာ (Gender)နှင့် ကျားမအခြေပြု အကြမ်းဖက်မှု (GBV)ဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာသင်ကြားနေကြသည့် သားငယ်သမီးငယ်လေးများ အနေဖြင့် ကျား၊ မရေးရာ (Gender)နှင့် ကျားမအခြေပြု အကြမ်းဖက်မှု (GBV)ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေး ခြင်းဖြင့် အသိပညာ ဗဟုသုတများစွာရရှိပြီး မိမိကိုယ်တိုင်က ကျား၊ မရေးရာ (Gender)ကို ကွဲကွဲပြားပြား သိရှိနားလည်လာပြီး ကျား၊ မအခြေပြုကြမ်းဖက်မှု(GBV) ပြုလုပ်ခံရခြင်းမှ ကင်းဝေးပြီး သူတစ်ပါးကိုလည်း အကြမ်းဖက်မှုများ မပြုလုပ်မိစေရန် သိရှိနားလည်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က လူမှုဝန်ထမ်း လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက ကျား၊မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ ဥပဒေများအား လည်းကောင်း၊ မန္တလာရောင်စဉ်အသင်းမှ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က ကျား၊မ အခြေပြုအကြမ်းဖက်မှုများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေး၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဝေယံငြိမ်း၊ အ.ထ.က(၃) ကျောင်းအုပ် ဆရာမကြီး ဒေါ်သိန်းသိန်းအေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)