ကွန်ဟိန်း ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ဆိုင်းမွန်ကျေးရွာ၌ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးခွဲ (တောင်ကြီးမြို့)မှ ကြီးမှူး၍ ရှမ်းပြည်နယ် ခရီးသွားကျေးရွာ ဖော်ဆောင်ရေးစီမံကိန်း၊ ဆိုင်းမွန်ခရီးသွားကျေးရွာ၊ ခရီးသွားလုပ်ငန်း သင်တန်းများ ဖွင့်လှစ်ခြင်းအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးခွဲ(တောင်ကြီး)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြော ကြားခဲ့ပါသည်။ သင်တန်းတွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော အကြောင်းများအား ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးခွဲ (တောင်ကြီး)မှ သင်တန်းနည်းပြများက ပို့ချခဲ့ပြီး၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့် က အခြေခံဓါတ်ပုံရိုက် နည်း၊ မြို့နယ်ကြက်ခြေနီအသင်းမှ ဦးမြမောင်က ကိုဗစ်-၁၉ရောဂါ အကြောင်းအရာများ၊ ရှေးဦးသူနာ ပြုစုနည်းများအား အသီးသီးပို့ချခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် ဒေသခံပြည်သူ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)