သီပေါ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်။
ကျွန်တော့်နာမည်ကတော့ ကိုထွန်းထွန်းအောင်ဖြစ်ပါတယ်။ တောင်မြို့ရပ်ကွက်တွင် နေထိုင်ပါတယ်။ အသက်ကတော့(၂၈)နှစ်ရှိပါပြီ။ ဝက်ဝံယာယီပျံကျဈေး မှာ ကြက်သားရောင်းပါတယ်။ ကာကွယ်ဆေး တွေစတင်ထိုးနှံပေးတုန်းက အန္တရာယ်ရှိတယ်လို့ ပြောနေကြတဲ့အတွက် မထိုးရဲလို့ မထိုးခဲ့ပါဘူး။ နောက်ပိုင်း ရောဂါကူးစက်မှုတွေ အရမ်းများလာပြီး သေဆုံးသူတွေ ရှိလာတဲ့အတွက်ကြောင့် ကြောက် လာမိပါတယ်။ ပြီးတော့ ဈေးရောင်းတာက လူအများနဲ့ ထိတွေ့ဆက်ဆံရတာဖြစ်တဲ့အတွက် ကာကွယ်ဆေး ထိုးနှံပြီး ရောဂါကာကွယ်မှဖြစ်မယ်ဆိုတဲ့အတွေးနဲ့ ဒီဇင်ဘာလထဲမှာ ထိုးနှံမှုခံယူခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးတာ လက်မောင်းနည်းနည်းအောင့် တာလောက်ပါပဲ ဘာမှထွေထွေထူးထူး မခံစားရပါဘူး။ ကျန်းမာရေး ဝန်ထမ်းတွေက ဆေးထိုးပြီးရင် နေထိုင်စားသောက်ရမယ့် အကြောင်းတွေကို ပြောပြပေးပါတယ်။ ပါရာဆီတမောလ် ဆေးလည်းပေးပါတယ်။ ဒီဇန်နဝါရီလထဲမှာ ကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များထဲက အရေးအကြီးဆုံးလို့ပြောလို့ရတဲ့ ကာကွယ်ဆေး ထိုးခြင်းကိုကျွန်တော်တို့ ဈေးသည်တွေသာမက ပြည်သူအားလုံးကလိုက်နာ ဆောင်ရွက်ကြဖို့ လိုပါတယ်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင် ပါတယ်။ ကာကွယ်ဆေး မထိုးရသေးတဲ့ သူများရှိရင်လည်း မဖြစ်မနေ ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ။
ခင်လေး(သီပေါ၊ပြန်/ဆက်)