ပင်လောင်း ဇန်နဝါရီ ၁၄
ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုတိုးတက်ရေးနှင့် ကိုယ်ပိုင်ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတွက် အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအို၀်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီး ကျေးရွာ လွယ်မွန်းခမ်း လယ်/ထွေ သမဝါယမလီမိတက်အသင်းစုတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းဇော်ဦးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက မိမိတို့ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာပညာရပ်များ သင်ကြားပေးခြင်း၊ ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် လုပ်ငန်းမှတ်ပုံတင်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး၊ လွယ်မွန်းခမ်း သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးစိုင်းတင်ထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
သင်တန်းတွင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်း၊ လက်သန့်ဆေးရည် (Hand Gel) ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ဖြင့် ဇန်နဝါရီ ၁၄ ရက်မှ ဇန်နဝါရီ ၁၈ ရက်နေ့အထိ သင်တန်းကာလ (၅)ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းသို့ ပင်လောင်းကြီး ကျေးရွာအုပ်စုမှ သင်တန်းသူ (၂၀)ဦးတက်ရောက်ကြကြောင်း သိရသည်။
ခွန်အာကာစိုး