နမ့်ခမ်း ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှ (၅-၁-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာရသူ(၆)ဦးအား မူဆယ်မြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ မွန်းလွဲ (၁) နာရီအချိန်က နမ့်ခမ်းမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် (၅-၁-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားသည့် ပစ်ခတ်မှုတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မူဆယ်မြိူ့ရှိ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီဌာနက အမှတ်(၂)ရပ်ကွက်၊ နောင့်စန့်ကုန်းတွင် လူနေအိမ်တစ်လုံး ပျက်ဆီးမှုအတွက် ထောက်ပံ့ငွေ ကျပ်(၁)သိန်း၊ ထိခိုက်ဒါဏ်ရာရသူ(၆)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၅) သောင်းနှင့် ဆန်ရိက္ခာအတွက်ထောက်ပံ့ငွေများ စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၄)သိန်းကျော်ကို မူဆယ်မြို့ သဘာဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသီဟဇော်က ထိခိုက်ဒါဏ်ရာရသူများ ကိုယ်စား အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းလှိုင်းထံ ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ရပ်မိရပ်ဖ တာဝန်ရှိသူများက ထိခိုက်ဒါဏ်ရာရသူများ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)