ဒေါပုံမြို့နယ်တွင် နိုင်ငံသား(သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် (ဗဟိုအဖွဲ့) ၏ အဆုံးအဖြတ် ခံယူရန် မြို့နယ်ဘုတ်အဖွဲ့မှ အစည်းအဝေးပြုလုပ်

ဒေါပုံ ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ (၆၅)အရ နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် အဆုံးအဖြတ်ခံယူရန် အတွက် မြို့နယ်ဘုတ်အဖွဲ့မှ ယနေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမိုးကျော်သူညွန့်က မြို့နယ်အတွင်း မှတ်ပုံတင်ကိုင်ဆောင်မှု မရှိသေးသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား (ဗဟိုအဖွဲ့) မှ အဆုံးအဖြတ်ခံယူရန် မြို့နယ်ဘုတ်အဖွဲ့က လျှောက်ထားသူများ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များအား သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံသား ဥပဒေ၊ ဧည့်နိုင်ငံသားဥပဒေ၊ နိုင်ငံသားပြုခွင့်ရ ဥပဒေများအကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက တက်ရောက်လာသော အဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ မြို့နယ်လ.ဝ.က ဦးစီးအရာရှိ မြို့နယ်စီမံကိန်း ဦးစီးအရာရှိ၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူးတို့အား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ဒေါပုံမြို့နယ် အနေဖြင့် မှတ်ပုံတင်ကိုင်ဆောင်ထားခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ (၆၅) အရ နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူများ ဟုတ်/မဟုတ် အဆုံးအဖြတ်ခံယူရန် စုစုပေါင်း (၅၀)ဦးရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ယဉ်မော်