တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော် ပန်းတင်ခုံ ရတနာရွှေအုဌ်တော်စီ မင်္ဂလာအခမ်းအနား ကျင်းပ

တန့်ယန်း ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူစေတီတော် တည်ထားလျှက်ရှိရာ ယခုအခါ ရွှေတိဂုံပုံတူ စေတီပုံဖော်ဆောင်နိုင်ရန် အတွက် အထက်ပစ္စယံရှိ ပန်းတင်ခုံ ရတနာရွှေအုဌ်တော်စီ မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ စေတီတော် တည်ထားသည့် နေမိန္ဒရကုန်းတော်၌ ကျင်းပသည်။

အခမ်းအနား ပထမပိုင်းကို အောင်တော်မူဓမ္မရုံတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုသလ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြကာ ရတနာရွှေအုဌ်တော်များနှင့် လှူဒါန်းဖွယ်ရာများကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးဇော်မင်းထက်၊ ရပ်မိရပ်ဖ ဦးစိုင်းမွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့က ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် အခမ်းနား ဒုတိယပိုင်းကို အောင်တော်မူစေတီတော် အထက်ပစ္စယံရှိ သတ်မှတ်နေရာ၌ ကျင်းပရာ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ရပ်မိရပ်ဖ ဦးစိုင်းမွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူအသီးသီးတို့က စေတီတော်ရှိ သတ်မှတ်နေရာတို့တွင် ရတနာရွှေအုဌ်တော်များကို စီပေးကြကာ ဘုရားဒါယကာများက ဗိသုကာဆရာကြီး ဦးအောင်သန်းဇော်ထံ ရွှေသံလျက်အား စေတီတော်ဆက်လက် တည်ဆောက်ရန် လွှဲပြောင်းပေးအပ်ကြသည်။

ထို့နောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များတို့က မေတ္တာသုတ် ပရိတ်တော်များချီးမြှင့်ကာ ဝမ်းမြောက်နုမော် သာဓုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်ပြီးမြောက် စေခဲ့ကြောင်း သိရသည်။                                                                             

မင်းလွင်ဦး(ပြန်/ဆက်)