ရန်ကုန် ဇန်နဝါရီ ၁၄
စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့် ဒလဘက်ကမ်းတို့သို့ ကုန်စည်နှင့် မော်တော်ယာဉ်များ သွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ရန်ကုန် (ဝါးတန်း)-ဒလ ကားကူးဇက်(ယာဉ်ကူးတို့) ခရီးလမ်း၌ ရေယာဉ်များဖြင့် အလှည့်ကျ ပုံမှန်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိရာ ကုန်စည်နှင့် မော်တော်ယာဉ်များ နှောင့်နှေးကြန့်ကြာမှု နည်းပါးစေရေးအတွက် ရောက်ထွက်စနစ်ဖြင့် ခေါက်ရေနှင့် အချိန်များ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
“ခုလက်ရှိအချိန်မှာ ကားကူးဇက်ရေယာဉ် နှစ်စီးနဲ့ အလှည့်ကျ ပြေးဆွဲပေးနေတာပါ၊ ကားနည်းရင် တစ်စီးနဲ့ ပို့ဆောင်ပေးပြီးတော့ ကားများရင်တော့ အရန်ရေယာဉ်တစ်စီးနဲ့ပါ ရောက်ထွက်စနစ် ပြေးဆွဲပေးနေတာပါ၊ ပုံမှန်ကတော့ တစ်နာရီ တစ်ခေါက် ကုန်စည်နဲ့ မော်တော်ယာဉ်များကို ပြေးဆွဲပို့ဆောင်ပေးနေပါတယ်” ဟု ရန်ကုန်(ဝါးတန်း)-ဒလ ကားကူးဇက်ရေယာဉ်မှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။
“ဆောင်းရာသီမှာတော့ နှင်းအရမ်းကျရင် ဆိပ်ကမ်းကနေ မထွက်ဘူးပေါ့၊ နှင်းကွဲသွားရင် မြင်ကွင်းရှင်းရင်တော့ အန္တရာယ်ကင်းအောင် ဖြည်းဖြည်းမှန်မှန်မောင်းရတယ်၊ ရှေ့မှာ ရှိနေတဲ့ ရေယာဉ်ငယ်တွေ အန္တရာယ်မဖြစ်အောင် သူတို့ ကြားရအောင် ဟွန်းတီးရတယ်၊ ကိုယ်မောင်းရမယ့် အကွာအဝေးကို ကြည့်တယ်၊ နှင်းကျတဲ့ အချိန်မျိုးမှာ ဆိပ်ကမ်း ကနေ ဒလတံတားကို ကြည့်လိုက်တယ် မြင်ရလာ မြင်ရရင် ခွာလိုက်တယ်၊ မြစ်ထဲမှာ သင်္ဘောတွေ သမ္ဗန်ငယ်တွေလည်း သွားလာနေကြတော့ ကုန်စည်နဲ့ မော်တော်ယာဉ်တွေ အန္တရာယ်ကင်းရှင်းအောင်တော့ အထူးသတိပြုပြီး မောင်းနှင်ရတယ်” ဟု ဆောင်းရာသီကာလ မြစ်အတွင်း ရေယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ကားကူးဇက် ရေယာဉ် မောင်းနှင်မှုနှင့် ပတ်သက်၍ ကားကူးဇက် ရေယာဉ်မောင်းသူတစ်ဦး က ပြောပြသည်။
လက်ရှိအချိန်တွင် ရန်ကုန်(ဝါးတန်း)-ဒလ ကားကူးဇက် ရေယာဉ်များအနေဖြင့် ဒလဆိပ်ကမ်းမှ နံနက် ၆ နာရီမှ စတင်ပြီး ည ၆ နာရီ ၄၅ မိနစ် အထိ(နောက်ဆုံးခေါက်)၊ ရန်ကုန်ဆိပ်ကမ်းမှ နံနက် ၇ နာရီမှ ည ၆ နာရီ ၄၅ မိနစ်အထိ (နောက်ဆုံးခေါက်) ရောက်ထွက်စနစ်ဖြင့် ခေါက်ရေနှင့်အချိန်များ ပိုမိုတိုးချဲ့ပြေးဆွဲပေးလျက်ရှိပြီး၊ ကုန်စည်နှင့် မော်တော်ယာဉ်များ နှောင့်နှေးကြန့်ကြာမှု နည်းပါးစေရေးအတွက် အကူရေယာဉ်တစ်စီးဖြင့် အစားထိုးပြေးဆွဲပေးလျက် ရှိကြောင်း အသိပေး ကြေညာထားသည်။
ရန်ကုန်ဝါးတန်း(ကီလီ) ဆိပ်ကမ်းမှ ဒလဆိပ်ကမ်းဘက်သို့ RO RO(II) ၊ RO RO(III) ၊ RO RO(IV) အမည်ရှိ ဇက်ရေယာဉ်များဖြင့် အလှည့်ကျ နေ့စဉ်ကူးတို့ ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ် အမျိုးမျိုးကို ရေကြောင်းခရီးဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိခြင်းကြောင့် ရန်ကုန်မြို့တွင်းမှ တစ်ဆင့် ဒလဘက်ခြမ်းသို့ အချိန်တိုအတွင်း ကူးသန်းသွာလာနိုင်ခြင်းနှင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ပေးနိုင်သော ရန်ကုန်တိုင်းအတွင်း တစ်ခုတည်းသော ကားကူးဇက်ဆိပ်တစ်ခုပင် ဆိုရမည်ဖြစ်သည်။
နိုင်လင်းကျော်