ကျောက်ဆည် ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ တတိယအကြိမ် ငါးသားပေါက်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက သင်ပုတ်ကျေးရွာအုပ်စု၊ တံတားဦးလေးကျေးရွာ အခြေခံပညာကျောင်း၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်းက ယခုလို ကိုဗစ်-၁၉ကာလတွင် ငါးမွေးတောင်သူများ စီးပွားရေး ဦးမော့လာစေရေးအတွက် ရည်ရွယ်ပြီး ငါးမွေးကန်(၁)ဧကအတွက် ငွေကျပ်(၄)သောင်းနှင့်ညီမျှသော ငါးသားပေါက်များ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်းနှင့် ကျေးရွာအုပ်စု (၇)အုပ်စုမှ ငါးမွေးတောင်သူ (၁၅) ဦး၏ ငါးမွေးကန် (၃၃ဒသမ၁၆) ဧကအတွက် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၈၉၅၃၂) ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် မြို့နယ်ငါးသားပေါက်ဖြန့်ဖြူးရေး ဆပ်ကော်မတီဝင်များမှ ငါးမွေးတောင်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ငါးမွေးကန်တစ်ဧကလျှင် ငွေကျပ် (၄) သောင်းနှင့် ညီမျှသည့် ငါးမြစ်ချင်းငါးသား ပေါက်များကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ပထမအကြိမ်အဖြစ် အင်ဒိုင်းကျေးရွာတွင် ငါးမွေးတောင်သူ (၃၂) ဦး၏ ငါးမွေးကန်(၅၃ ဒသမ ၆၇)ဧကအတွက် ငါးသားပေါက်ကောင်ရေ (၁၄၄၉၀၉) ကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အင်းကုန်းကျေးရွာတွင် ငါးမွေးတောင်သူ (၂၃) ဦး၊ ငါးမွေးကန် (၅၁ဒသမ၁) ဧကအတွက် ငါးသား ပေါက်ကောင်ရေ (၁၃၇၉၇၀) နှင့် ယခုတတိယအကြိမ်အဖြစ် တံတားဦးလေးကျေးရွာတွင် ငါးမွေးတောင်သူ (၁၅) ဦး၏ ငါးမွေးကန် (၃၃ ဒသမ ၁၆) အတွက် ငါးသားပေါက်ကောင်ရေ (၈၉၅၃၂) ကောင် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)