သထုံ ဇန်နဝါရီ ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အသေးစားနှင့် အလတ်စားလမ်းခင်းကျောက်နှင့် ဓါတ်သတ္တုလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လုပ်ငန်းရှင်များတို့ ယမန်နေ့မွန်းလွဲပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင် က လုပ်ငန်းရှင်များအနေဖြင့် ဓါတ်သတ္ထုလုပ်ငန်းလိုင်စင် သက်တမ်းတိုးများ အချိန်မှီလျောက်ထားစေရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းလိုင်စင်ကြေးများ အချိန်မှီပေးသွင်းစေရေး၊ လုပ်ငန်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဂရုပြုရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှု အလေးထားစေရေး၊ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ သတ်မှတ်ထားသည့်လုပ်ကွက်ဧရိယာအတွင်း လုပ်ငန်းဆောင်ရွက်စေရေး စသည်တို့ကို ရှင်းလင်းဆွေးနွေးရာ အသေးစားနှင့်အလတ်စား လမ်းခင်းကျောက်ထုတ်လုပ်သူများ၊ ဓါတ်သတ္ထုလုပ်ငန်းရှင်များက လက်ရှိအချိန်၌ ကြုံတွေ့နေရသည့် လုပ်ငန်းအခက်ခဲများကို တင်ပြဆွေးနွေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တင်ပြဆွေးနွေးလာမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)